Ejection Seat ( အသက်ကယ်ထိုင်ခုံ)ဆိုတာ ဘာလဲ … ?

Ejection Seat ဆိုတာ တနည်းအားဖြင့် Pilot (လေယာဉ်မှူး)အသက်ကယ်ထိုင်ခုံပါ…

အသက်ကယ်ထိုင်ခုံ အမျိုးမျိုးကို ခေတ်မှီတိုက်ခိုက်ရေး လေယာဉ်၊ ရဟတ်ယာဉ်များတွင် အသုံးပြုကြသည်…

ခရီးသည်တင်လေယာဉ်များတွင်မူ တပ်ဆင်အသုံးပြုခြင်း မရှိပေ…

အသက်ကယ်ထိုင်ခုံကို လေယာဉ် မြေပြင်နှင့်လေထဲတွင်ဖြစ်စေ မီးလောင်နေလျှင်သော်၎င်း၊ စက်ချို့ယွင်းသွားသော်၎င်း၊ အခြားအစိတ်အပိုင်းတစ်ခု ပျက်ဆီးသွားလျှင်သော်၎င်း၊ ရန်သူ၏တိုက်ခိုက်ခြင်းခံရ၍ မိမိလေယာဉ် ထိမှန်ပျက်ဆီးခဲ့သည်များ ရှိခဲ့သော် တန်ဖိုးရှိသော Pilot လေယာဉ်မှူး၏ အသက်ကို ကယ်တင်ပေးနိုင်ရန် အသုံးပြုသည်…

လေယာဉ် အမျိုးအစားနှင့် ထုတ်လုပ်သည့်နိုင်ငံပေါ်တွင် မူတည်၍ အသက်ကယ်ထိုင်ခုံ အမျိုးမျိုးကွဲပြားကြသည်….

အဓိက ကွဲပြားသည်မှာ…..
Canopy Break Down System နှင့်
Canopy Penetration System ဆိုပြီး နှစ်မျိုးကွဲပြားကြသည်…

Canopy Break Down System
*************************
ဆိုသည်မှာ အသက်ကယ်ထိုင်ခုံ ခုန်မထွက်မှီ Canopy(လေယာဉ်ပေါင်းမိုး)ကို အရင်ဦးစွာ ကျိုးထွက်လွင့်စင်သွားစေသောနည်းဖြစ်သည်… ၎င်းCBDSနည်းသည် သတ်မှတ်ထားသော Speed ရှိလျှင် ပြေးလမ်းပေါ်တွင် ပြေးနေစဉ်နှင့် လေထဲတွင် ရှိနေစဉ် လေယာဉ်မှာ အန္တရာယ်ရှိသော အခြေအနေမျိုးတွင် ခုန်ထွက်နိုင်သည်…

Canopy Penetration System
*************************
ဆိုသည်မှာ အသက်ကယ်ထိုင်ခုံတွင်ပါသော အချွန်ဖြင့် Canopy(လေယာဉ်ပေါင်းမိုး)ကို ဖောက်ထွင်း၍ထွက်သောနည်းဖြစ်သည်…၎င်းCPSနည်းသည် လေယာဉ်လေထဲတွင် ရှိနေစဉ်သာမက မြေပြင်တွင်ရပ်ထားသောအချိန်တွင်ပါ အန္တရာယ်ရှိလာပါက ခုန်ထွက်နိုင်သောစနစ်ဖြစ်သည်…

အသက်ကယ်ထိုင်ခုံ အလုပ်လုပ်ပုံ
********************
လေယာဉ်မှူးသည် တစ်စုံတစ်ခုသောအကြောင်းကြောင်းကြောင့် အသက်ကယ်ထိုင်ခုံကိုအသုံးပြု၍ လေယာဉ်အား စွန့်ခွာရတော့မည်ဆိုလျှင် လေယာဉ်အားအတတ်နိုင်ဆုံး ကမ္ဘာမြေပြင်နှင့် အပြိုင်အနေအထားတွင်ထားပြီး ခါးဆန့်ပြီး Center Ejection Pulling Ring (အသက်ကယ်ထိုင်ခုံကို စတင် အလုပ်လုပ်စေသောကွင်း)ကို ဆွဲရမည်…

CEPR ကို ဆွဲလိုက်သည်နှင့် ဦးစွာလေယာဉ်မှူး၏ ခန္ဓာကိုယ်ကို မှန်ကန်သော အနေအထားသို့ရောက်ရှိအောင် အသက်ကယ်ထိုင်ခုံတွင်ပါသော ကျဉ်ဆံများ၏ ယမ်းငွေ့အားဖြင့် အလုပ်လုပ်စေသည်…

ထို့နောက် Canopy (လေယာဉ်ပေါင်းမိုး)
အား ကျိုးထွက်စေခြင်း (သို့မဟုတ်) ကွဲသွားစေခြင်းတို့ကိုပြုလုပ်ပေးသည်…

၎င်းနောက်တွင် အသက်ကယ်ထိုင်ခုံသည် ၎င်းတွင်ပါဝင်သော Ejection Rocket ၏ ယမ်းခိုးယမ်းငွေ့အားဖြင့် လူနှင့်တွဲလျှက် အသက်ကယ်ထိုင်ခုံကို Cockpit(လေယာဉ်မောင်းခန်း)မှ လွတ်ထွက်သွားအောင် အပေါ်သို့ တွန်းတင်ပေးသည်…

၎င်းအချိန်မှာပင် လူနှင့်ထိုင်ခုံအားအပေါ်သို့ တွန်းတင်းသောအားကို မြှင့်တင်ပေးရင် ထိုင်ခုံအောက်တွင်တပ်ဆင်ထားသော ပင်မ Rocket ပေါက်ကွဲသော ယမ်းအားဖြင့် ထပ်ဆင့်အားမြင့်၍ တွန်းတင်ပေးလိုက်သည်…

လူနှင့်အသက်ကယ်ထိုင်ခုံ လေယာဉ်နှင့်ကင်းလွတ်ပြီး လေထဲရောက်ရှိသွားချိန် 0.44 to 0.56 sec ကြာချိန်ခန့်တွင် အသက်ကယ်ထိုင်ခုံတွင်ပါသော Stablization Break Parachute(လူနှင့်ထိုင်ခုံအား တည်ငြိမ်စေရန် ထိန်ပေးသော လေထီးငယ်) ပွင့်သွားပြီး လူနှင့်ထိုင်ခုံအား ထိန်းပေးသည်…

1.5 sec ကြာချိန်ခန့်တွင် လူနှင့်ထိုင်ခုံတွဲထားသော အထိန်းများသည် အသက်ကယ်ထိုင်ခုံတွင်ပါသော ကျဉ်ဆံများပေါက်ကွဲပြီး ယမ်းခိုးယမ်းငွေ့တို့၏အားဖြင့် စက်အစိတ်အပိုင်းများ အလုပ်လုပ်ပြီး ပြုတ်ထွက်သွားစေပြီး Pilot အားလဲ ထိုင်ခုံနှင့် ကွဲထွက်သွားစေရန် တွန်းကန်ထုတ်လိုက်သည်…

အသက်ကယ်ထိုင်ခုံသည်လဲ မြေပြင်သို့ ၎င်း၏လေထီးနှင့်အတူ တွဲ၍ ကမ္ဘာမြေပြင်ပေါ်သို့ ကျသွားမည်ဖြစ်သည်…

Pilot သည် အသက်ကယ်ထိုင်ခုံမှ ကွဲထွက်သွားချိန်တွင် ၎င်းဝတ်ထားသော Life Saving Parachute(အသက်ကယ်လေထီး) အလုပ်လုပ်စေရန် လုပ်ပေးသော စက်ပစ္စည်းကို အသက်ဝင်၍ အလုပ်လုပ်စေသည်…

LSPတွင် ပါဝင်သော ၎င်းပစ္စည်းသည် လေထုဖိအားပေါ်တွင် မူတည်၍ အလုပ်လုပ်ပေးသည်…
Pilot သည် အသက်ကယ်ထိုင်ခုံအားခုန်ထွက်သောအမြင့်သည် သတ်မှတ်ထားသော အမြင့်ထက်နိမ့်နေလျှင် ၎င်းစက်ပစ္စည်းသည် LSP (အသက်ကယ်လေထီး)ကို ချက်ချင်းပွင့်စေသည်…
Pilot သည် အသက်ကယ်ထိုင်ခံအားခုန်ထွက်သောအမြင့်သည် သတ်မှတ်ထားသော အမြင့်တွင်ရှိနေလျှင် 2 sec; delay(အချိန်ဆိုင်း)ပြီးမှသာ LSPကို ပွင့်စေသည်…
အကယ်၍ Pilot သည် အသက်ကယ်ထိုင်ခုံအားခုန်ထွက်သော အမြင့်သည် သတ်မှတ်ထားသော အမြင့်ပေထက် ပို၍မြင့်နေခဲ့လျှင် Pilot သည် လေထဲမှ Free Fall(အလွတ်ပြုတ်ကျ) လာပြီး သတ်မှတ်ထားသော အမြင့်ပေသို့ Pilot ရောက်ရှိချိန်တွင် 2 sec; Free Fall ဆက်ကျပြီးမှသာ LSP(အသက်ကယ်လေထီး)ကို ပွင့်စေသည်…

အသက်ကယ်လေထီးပွင့်ပြီးနောက် Pilot သည် အန္တရာယ်ကင်းရှင်းစွာဖြင့် ၎င်းလေထီးနှင့် မြေပြင်သို့ ဆင်းသက်နိုင်ပေသည်…

Pilot သည် Center Ejection Pulling Ring အား စတင်ဆွဲလိုက်သည့် အချိန်မှစပြီး Life Saving Parachute ပွင့်သည့်အချိန်ထိကြာချိန်မှာ 7 sec; ခန့်သာ ကြာမြင့်မည်ဖြစ်သည်…

လေယာဉ်အစုံတစ်ခုသော အန္တရယ်ဖြစ်၍ Pilot မှ Aircraft(လေယာဉ်)အား စွန့်ခွာရတော့မည်ဆိုလျှင် အချိန်တစ်စက္ကန့်လောက်ရ၍ Center Ejection Pulling Ring အား ဆွဲနိုင်လျှင်ပင် အသက်ရှင်နိုင်စေရန်အတွက် ပြုလုပ်တပ်ဆင်ပေးထားသော အသက်ကယ်ထိုင်ခုံ ဖြစ်သည်…

မှတ်ချက်(၁)။ ။
********
အကယ်၍ လေထဲတွင်ရှိချိန် လူနှင့်ထိုင်ခုံ ကွဲအောင်လုပ်ပေးသော ကျည်ဆံအလုပ်မလုပ်လျှင် Pilot မှ Emergency Separation Handle(အရေးပေါ်ခွဲထွက်မောင်းတံ)အား ဆွဲရမည်…
၎င်းESHအား ဆွဲလိုက်ပါက လူနှင့်ထိုင်ခုံ ကွဲထွက်သွားပြီး မူလအစီအစဉ်အတိုင်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်….

မှတ်ချက်(၂)။ ။
*********
အကယ်၍ လူနှင့်ထိုင်ခုံကွဲထက်ပြီးချိန် ပင်မ အသက်ကယ်လေထီး(LSP)မပွင့်ခဲ့လျှင် Pilot မှ Emergency Deploy Ring(အရေးပေါ် အသက်ကယ်လေထီး ပွင့်စေသောကွင်း)ကို ဆွဲပေးရမည်ဖြစ်သည်…

မှတ်ချက်(၃)။ ။
***********
နှစ်ယောက်မောင်း တိုက်လေယာဉ်တွင် ခုန်ထွက်မည်ဆိုပါက နောက်ထိုင်ခုံအရင်ထွက်ပြီး 0.44 to 0.56 sec; ကြာပြီးမှ ရှေ့ထိုင်ခုံလိုက်ထွက်မည်ဖြစ်သည်…

မှတ်ချက်(၄)။ ။
************
ရဟတ်ယာဉ်များတွင်မူ ပန်ကာဒလက် (Blade)များကို အရင်ပြုတ်ထွက်လွင့်စင်စေပြီးမှသာ ခုန်ထွက်(Eject)လုပ်နိုင်မည်ဖြစ်သည်…

မြန်မာ့တပ်မတော်(လေ)တွင် တာဝန်ထမ်းဆောင်ခဲ့စဉ်က ကျနော် ZawyuHtoon ဇွန်း ယု ထော်Htoon ကိုင်တွယ်ပြုပြင်ခဲ့ရသော အသက်ကယ်ထိုင်ခုံအကြောင်းကို ဗဟုသုတ ရရန်အတွက် နားလည်လွယ်အောင် ရေးသားတင်ပြထားခြင်းဖြစ်ပါသည်။

Zaw Yu Htoon
Artificer Aircraft Armamemt
Myanmar Air Force

Leave a Reply

Your email address will not be published. Required fields are marked *