ထိုင်းလိဂ်ရဲ့ တန်ကြေးအမြင့်ဆုံး အသက် (၂၃) နှစ်အောက်ကစားသမား (၅)ဦးစာရင်းမှာ ထိပ်ဆုံးရောက်နေတဲ့ အောင်သူ

Knowledge0
Spread the love
  •  
  •  
  •  

ထိုင်းပရီးမီးယားလိဂ်ဘောလုံးရာသီကတော့ အရှိန်အဟုန်ကောင်းကောင်းနဲ့ စတင်နေခဲ့ပါပြီ။ အရှေ့တောင်အာရှက အကောင်းဆုံးကစားသမားတွေ စုဝေးနေတဲ့ ဒီလိဂ်မှာ ပြိုင်ဆိုင်မှုပြင်းထန်နေပြီး နာမည်ကျော်ကလပ်အသင်းတွေ ရုန်းကန်နေရတာကိုလည်း တွေ့မြင်နေရပါတယ်။ နာမည်ကြီးကစားသမားတွေ ရှိနေခဲ့ပြီးနောက် အသက် (၂၃)နှစ်အောက် ကစားသမားတွေထဲကမှ ဈေးကွက်တန်ဖိုးအရ ကြေးအကြီးဆုံး ကစားသမား (၅)ဦးကို ဖော်ပြပေးလိုက်ပါတယ်။

ကီဗင်ဒီယာရွမ်ရမ် (ပို့တ်အက်ဖ်စီ) – ယူရို (၂၅၀၀၀၀) အသက် (၂၁)နှစ်အရွယ်သာ ရှိသေးတဲ့ ဘယ်အစွန်နောက်ခံလူက ဈေးကွက်တန်ဖိုးအရ အမြင့်ဆုံးကစားသမား (၅)ဦးထဲမှာ ပါဝင်လာခဲ့ပါတယ်။ ဆွီဒင်မှာ မွေးဖွားခဲ့တဲ့ ကီဗင်ဟာ ဆွီဒင်လူငယ်အသင်းတွေမှာ ကစားခဲ့ဖူးပြီး လက်ရှိမှာတော့ သူက ပို့တ်အသင်းရဲ့ အဓိကကစားသမားအဖြစ် ခြေစွမ်းပြနေသူဖြစ်ပါတယ်။ ပို့တ်အသင်းက ဒီရာသီမှာ (၇)ပွဲကစားပြီး (၁၄)မှတ်ရရှိထားရာမှာ ကီဗင်က အသင်းကို အကောင်းဆုံးရလဒ်တွေ ရရှိအောင် ကူညီပေးထားခဲ့ပါတယ်။ ရစ်ချာဘူရီအသင်းရဲ့ ကစားသမားဟောင်းဟာ ထိုင်းလက်ရွေးစင်အသင်းကို ကိုယ်စားပြုဖို့ ရွေးချယ်ခဲ့ပြီး ၂၀၁၇ မှာ စတင်ပွဲထွက်ကစားခွင့်ရရှိခဲ့ပါတယ်။ အနာဂတ်မှာ ထိုင်းအသင်းအတွက် အားထားရတဲ့ နောက်ခံကစားသမားလည်း ဖြစ်လာမှာ သေချာပေါက်ပါပဲ။

ဝိုရာချစ် (ချောင်ဘူရီ) – ယူရို (၂၅၀၀၀၀)  ၀ိုရာချစ်က ယူရို (၁၇၅၀၀၀) တန်ကြေးသာ ရှိရာကနေ ယူရို (၂၅၀၀၀၀)အထိ တန်ဖိုးတက်ခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။ အသက် (၂၁)သာ ရှိသေးပြီးတော့ ကွင်းလယ်တိုက်စစ်ကစားသမားက ချောင်ဘူရီရဲ့ အမာခံ ပွဲထွက်ကစားသမားလည်း ဖြစ်ပါတယ်။ ထိုင်း ယူ၂၃ အသင်းမှာလည်း ပုံမှန်ကစားခွင့်ရရှိနေသူဖြစ်ပြီးတော့ ၂၀၁၇ ဆီးဂိမ်းမှာ ရွှေတံဆိပ်ဆု ရယူပေးခဲ့သူ ဖြစ်ပါတယ်။ ထိုင်း ယူ၁၉ အသင်းခေါင်းဆောင်ဟောင်းအဖြစ်န့လည်း ၂၀၁၅ ခုနှစ်က ကျင်းပခဲ့တဲ့ AFF U19 Championship ပြိုင်ပွဲမှာလည်း ဗိုလ်စွဲခဲ့ပါတယ်။ ၂၀၁၈ ထိုင်းလူငယ်တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုလည်း ဆွတ်ခူးခဲ့သူဖြစ်ပြီး လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံရဖို့ အလားအလာကောင်းနေပြီ ဖြစ်ပါတယ်။

ဆက်ပါချိုင် (ဘူရီယမ်ယူနိုက်တက်) – ယူရို (၂၅၀၀၀၀)  ဆက်ပါချိုင်က ထိုင်းလက်ရွေးစင်အသင်းမှာ ပုံမှန်ကစားခွင့်ရနေပြီတောင် ဖြစ်ပါတယ်။ အသက် (၂၀)အရွယ်သာ ရှိသေးတဲ့ ကစားသမားဟာ ဆူဇူကီးဖလားပြိုင်ပွဲ၊ အာရှဖလားပြိုင်ပွဲတွေမှာ ထိုင်းအသင်းရဲ့ အရေးပါတဲ့ တိုက်စစ်မှူးအဖြစ် ပါဝင်ခွင့်လည်း ရရှိခဲ့ပါတယ်။ လက်ရွေးစင်အသင်းအတွက် သွင်းဂိုး (၄)ဂိုး သွင်းယူပေးထားပြီးတော့ ဘူရီယမ်အသင်းနဲ့လည်း ထိုင်းအမှတ်ပေးဖလားကို (၂)ကြိမ်ဆွတ်ခူးပေးထားပြီးပါပြီ။ သူ့ရဲ့ ခြေစွမ်းကတော့ အတိုင်းအဆမရှိတိုးတက်လာမယ်လို့ မျှော်လင့်ခံထားရသူဖြစ်ပြီး အာဆီယံဒေသရဲ့ အကောင်းဆုံးတိုက်စစ်မှူး တစ်ဦးဖြစ်လာဖို့လည်း သုံးသပ်ခံထားရပါတယ်။

ဆက်ပါချော့ဆာရာချက် (ဘူရီယမ်ယူနိုက်တက်) – ယူရို (၂၅၀၀၀၀) ဆက်ပါချိုင်ရဲ့ အသင်းဖော်ဖြစ်တဲ့ ကစားသမားပါ။ အသက် (၂၀) အရွယ်ကစားသမားဟာ ဘူရီယမ်အတွက် ပွဲပေါင်း (၇၀)အထိ ကစားပေးထားပြီး (၁၄)ဂိုး သွင်းယူပေးထားပါတယ်။ ပြီးခဲ့တဲ့လက ကစားခဲ့တဲ့ အာရှချန်ပီယံလိဂ်ပွဲစဉ်ဖြစ်တဲ့ ချောင်ဘွတ်မော်တာအသင်းနဲ့ ပွဲစဉ်မှာ သူ အသင်းအတွက် အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါသေးတယ်။ ထိုင်းလက်ရွေးစင်အသင်းမှာတော့ ပုံမှန်ကစားခွင့်ရဖို့ ခက်ခဲနေပါတယ်။ ထိုင်းလက်ရွေးစင်အသင်းရဲ့ နည်းပြသစ်က ဆက်ပါချော့ကို သူ့အသင်းမှာ ရွေးချယ်သွားမှာမဟုတ်ဘူးလို့လည်း သိရပါတယ်။ ဒါပေမယ့် သူသာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့မယ်ဆိုရင်တော့ အချိန်မရွေး ရွေးချယ်ခံရဖွယ် ရှိနေပါတယ်။

အောင်သူ (မြောင်တောင်) – ယူရို (၃၅၀၀၀၀)  မြန်မာအသင်းရဲ့ စူပါစတားကြယ်ပွင့် အောင်သူဟာ ထိုင်းလိဂ်ကလပ် မြောင်တောင်မှာ ကစားနေပြီး အသက် (၂၃)နှစ်အောက် လူငယ်ကစားသမားတွေထဲမှာ တန်ဖိုးအကြိးဆုံးကစားသမားအဖြစ် ရပ်တည်နေပါတယ်။ အောင်သူက မြန်မာ့လက်ရွေးစင်အသင်းရဲ့ အမာခံတိုက်စစ်မှူးလည်းဖြစ်ပြီး ရတနာပုံအသင်းကနေ မြောင်တောင်မှာ အငှားနဲ့ လာကစားနေသူပါ။ မြောင်တောင်မှာတော့ အောင်သူက ခြေစွမ်းပြဂိုးသွင်းနီုင်ဖို့ ရုန်းကန်နေရပြီး အသင်းကလည်း အမှတ်ပေးဇယားအောက်ခြေကို ရောက်ရှိနေပါတယ်။ (၇)ပွဲကစားအပြီးမှာ (၅)ပွဲအထိ အရေးနိမ့်ထားပြီး အောင်သူကတော့ လက်ရှိမြောင်တောင်နည်းပြသစ်ဖြစ်လာတဲ့ တောင်ကိုရီးယားလူမျိုးနည်းပြ ယွန်ဂျွန်ဟွမ်လက်ထက်မှာ ပြန်လည်တောက်ပလာမယ်လို့ မျှော်လင့်ရပါတယ်။

Leave a Comment