မော်ရင်ဟို ကို မန်ယူနည်းပြ ရာထူးကနေ ထုတ်လိုက်ပြီ

မန်ယူအသင်းဟာ ရလဒ်ဆိုးတွေ ဆက်တိုက်ပိုင်ဆိုင်နေတဲ့ နည်းပြ မော်ရင်ဟို ကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီဖြစ်ပါတယ်။ မန်ယူအသင်းရဲ့ တရားဝင် ၀က်ဆိုက်နဲ့ ဆိုရှယ်မီဒီယာ စာမျက်နှာတွေပေါ်မှာ ဒီအကြောင်းကို အသိပေးသွားခဲ့ပြီး အသင်းနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့မှုတွေအတွက် မော်ရင်ဟို ကို ကျေးဇူးတင်တယ်လို့ ဖော်ပြသွားခဲ့တာပါ။

မန်ယူအသင်းပရိသတ်အများစုကတော့ ဒီသတင်းကြောင့် ပျော်ရွှင်နေခဲ့ကြပြီး အသင်းပရိသတ်တွေက မော်ရင်ဟို ထွက်သွားရင် အသင်းမှာအပြောင်းအလဲတွေ ဖြစ်ပေါ်လာလိမ့်မယ်လို့ ယုံကြည်နေကြတာပါ။

(AP Photo/Jon Super)

မန်ယူအသင်း အမှုဆောင်ချုပ် အက်ဝုဒ်ဝါ့ဒ်နဲ့ ဘုတ်အဖွဲ့က မော်ရင်ဟိုကိုပေးချေရမယ့် လျော်ကြေး (၂၄) သန်းကို ပေးချေဖို့ ဆုံးဖြတ်ခဲ့ပြီးတဲ့နောက် အသင်းကနေ ထုတ်ပယ်ကြောင်း ကြေညာလိုက်တာပါ။

မော်ရင်ဟိုရဲ့ ခံစစ်အသားပေးနည်းစနစ်ကို စိတ်ကုန်နေတဲ့ ဘုတ်အဖွဲ့ဟာ ဒီအခြေအနေအတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားကြပြီး ဒီရက်ပိုင်းအတွင်းမှာပဲ နည်းပြသစ်တစ်ယောက် အမြန်ဆုံးခန့်ဖို့ စီစဉ်နေတယ်လို့ မန်ယူရဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

(AP Photo/Jon Super)

မန်ယူအသင်းနည်းပြသစ် ဖြစ်လာနိုင်ဖို့ရာခိုင်နှုန်းအများဆုံးသူက ရီးယဲလ်နည်းပြဟောင်း ဇီဒန်းပဲဖြစ်ပြီး လက်ရှိမှာ ကလပ်အသင်းလက်မဲ့ဖြစ်နေတဲ့ ဇီဒန်းဟာ မော်ရင်ဟိုနေရာကို ဆက်ခံဖို့ အဆင်သင့်ဖြစ်နေပြီဆိုတဲ့အကြောင်း ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ ပြောဆိုထားခဲ့တာပါ။

ဇီဒန်းသာ ရောက်လာခဲ့ရင် အသင်းရဲ့ ပြင်သစ်ကစားသမားတွေဖြစ်ကြတဲ့ ပေါ့ဂ်ဘာ၊ မာရှယ်တို့ကို ဆက်လက်ထိန်းသိမ်းထားနိုင်လိမ့်မယ်ဆိုတဲ့ သုံးသပ်ချက်တွေရှိနေပြီး PSG နဲ့ ချန်ပီယံလိဂ်ပွဲစဉ်မတိုင်မီ အပြောင်းအလဲဖြစ်စေဖို့ မန်ယူဘုတ်အဖွဲ့က ကြိုးစားသွားတာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

(AP Photo/Jon Super)

Linn

Source : TheSun , BBC

Leave a Reply

Your email address will not be published. Required fields are marked *