ဘူတာရုံ သရဲ

လွန်ခဲ့တဲ့ အနှစ်သုံးဆယ် ၊ ကျနော့အသက် ဆယ့်လေး ၊ ဆယ့်ငါးလောက်မှာ ကျနော်က မီးရထား ဘူတာရုံနဲ့ ဓါတ်တိုင်ဆယ်တိုင်စာလောက်ဝေးတဲ့ နေရာမှာ နေပါတယ်။ ဘူတာရုံရဲ့ အနီးအနားမှာ နေတာဆိုတော့ ဘူတာရုံနဲ့ ပါတ်သက်တဲ့ သတင်းစကားတွေကလည်း မကြားချင်ပဲ ကြားနေခဲ့ရတယ်။ စင်္ကြန် ပလက်ဖောင်းနဲ့ တွဲကြားမှာ ကျလို့ တော်ကြာသေပြန်ပြီ။ ရထားအထွက် မရမကလိုက်တက်လို့ ပြုတ်ကျ သေပြန်ပြီ။

ရထားဝင်လာတာ မသိပဲ လမ်းဖြတ်ကူးလို့ တိုက်မိပြီး သေပြန်ပြီ။ အရက်မူးပြီး ရထားလမ်းပေါ် အိပ်နေလို့ ရထားကြိတ် သေပြန်ပြီ။ ဒီလို ခဏခဏ သေကြပြီးတဲ့နောက် ဘူတာရုံမှာ သရဲခြောက်တယ် ဆိုတဲ့ သတင်းကလည်း ဟိုးလေးတကြော်ကြော် ဖြစ်လာတယ်။

ကျနော်တို့ ပတ်ဝန်းကျင်မှာ ည ကိုးနာရီကျော်ရင် အိမ်အပြင် မထွက်ရဲကြသလောက် ဖြစ်လာတယ်။ ဘူတာရုံသွား လမ်းမကြီးရဲ့ တစ်ဖက်တစ်ချက်မှာကလည်း နှစ်ချို့ ကုက္ကိုလ်ပင်ကြီးတွေ အုပ်ဆိုင်းနေပြီး မိုးကိုမျှော်ကြည့်၍ မမြင်ရလောက်အောင်ပင် ညအခါဆို မှောင်မိုက်ကာ လူသူကင်းရှင်းနေတတ်တယ်။

အခု .. ဒီလမ်းမကြီးပေါ်မှာ ကျနော်တစ်ယောက်တည်း လမ်းလျှောက်နေတယ်။ အချိန်က ဆယ့်တစ်နာရီ မတ်တင်း။ ဒီလမ်းပေါ်ကို ကျနော် လျှောက်ချင်လို့ လျှောက်နေတာမဟုတ်ပဲနဲ့ မလျှောက်မဖြစ်လို့ လျှောက်နေရတယ်။ နောက်ပြီး ကျနော်ဦးတည်သွားနေတာက သရဲခြောက်ပါတယ်ဆိုတဲ့ ဘူတာရုံဆီကို။

အဲဒီကို ကျနော်သွားနေတာဆိုတော့ ကျနော်က မကြာက်တတ်လို့လား။ မဟုတ်ပါဘူး ကျနော့အသက် ဆယ့်လေးနှစ်လောက်ပဲ ရှိသေးတာ ကြောက်တတ်တာပေါ့။ ကြောက်လို့လည်း တစ်လမ်းလုံး သိသမျှ မှတ်သမျှ ဘုရားစာတွေ ဂုဏ်တော်တွေ ရွတ်ဖတ်နေရတာ ပါးစပ်မှာတောင် အမြှုပ်တွေ ထလို့။ မျက်လုံးကလည်း ကျီကန်းတောင်မှောက် ဘေးကြည့်လိုက် ရှေ့ကြည့်လိုက် နောက်ကြည့်လိုက်ပေါ့။ ဗြုန်းဆို အနားကို ဘာကောင်ကြီးရောက်လာမလဲဆိုပြီး တွေးတွေးပြီးလည်း ကြောက်နေမိတယ်။ ကြားဖူးနားဝ ရှိတဲ့ ပုံပြင်တွေ ဒဏ္ဍာရီတွေ ယုံတမ်းစကားတွေထဲကလို ခွေးသေးသေးလေး ပေါ်လာပြီး တစ်ဖြည်းဖြည်း ဆင်လောက် အကောင်အကြီးကြီး ဖြစ်လာလေမလား။ ညီလေး မီးတစ်တို့လောက်ဆိုပြီး လာပြောတဲ့သူက လျှာကြီး တစ်တောင်လောက် ထုတ်ပြလေမလား။ အစ်ကိုကြီး အစ်မကြီးတို့ရယ် ထမင်းဖိုးလေးသနားပါဆိုတဲ့ သူတောင်းစာကြီးက နားရွက်တစ်ဖက် ခင်းထိုင်ပြီး နားရွက်တစ်ဖက် ခြုံထားလေမလား။ သစ်ကိုင်းပေါ်မှာ တွဲခိုပြီး အနားရောက်မှ ဘွားခနဲ ကိုယ်ထင်ပြမယ့် ညောင်ပင်တစ္ဆေနဲ့များ တွေ့လေမလား။

ကျနော် လမ်းသာလျှောက်နေရတယ် နောက်ကျောက မလုံဘူး။ ဗြုန်းဆို နောက်က ပုခုံးလာပုတ်လို့ လှည့်ကြည့်လိုက်တဲ့အခါ ထန်းပင်လောက်မြင့်တဲ့ သရဲကြီးများ တွေ့လေမလားဆိုပြီး ခြေလှမ်းကို အမြန်နှုန်းတင်ပြီး သုတ်ခြေတင် လျှောက်နေရတယ်။ တကယ်ဆို ဒီဘူတာကို လုံးဝ မလာချင်ပါဘူး။ အဖေက သူ့ညီမ (ကျနော့ဒေါ်လေး) နယ်ကနေ ဒီည ဆယ့်တစ်နာရီခေါက်နဲ့ ပါလာမယ်။ သူက မျက်စေ့သိပ်ကောင်းဘူး သွားကြိုပါဆိုလို့သာ လာခဲ့ရတယ်။ တစ်ကိုယ်လုံး ကြောက်စိတ်တွေကြောင့် ချွတ်ခနဲ အသံကြားတာနဲ့ ကြက်သီးတွေ တစ်ဖြန်းဖြန်း ထထနေတယ်။

ကတ္တရာလမ်းဆုံးလို့ ဘူတာရုံသွားရာ မြေနီလမ်းလေးကို ချိုးဝင်လိုက်တယ်ဆိုရင်ပဲ ဘူတာရုံနဲ့နီးလာပြီဆိုတဲ့အသိနဲ့ စောစောကကြောက်စိတ်တွေ ပိုပြီးကြီးထွားလာတယ်။ ရှေ့နားဆီမှာ ဘူတာရုံကို လှမ်းမြင်နေရပါပြီ။ သို့ပေမယ့် လူသူအရိပ်အယောင်တော့ လုံးဝမတွေ့ရ။ အဖော်တစ်ယောက်ယောက်တော့ ရကောင်းရဲ့ဆိုပြီး ဘူတာရုံထဲဝင်ဝင်ချင်း ရှာဖွေကြည့်သည်။ ဒါပေမယ့် လူရိပ်မြင်ပြီးဟောင်မည့် ခွေးတစ်ကောင်ပင်မတွေ့ပေ။ ဘူတာရုံစောင့် ကုလားအဖိုးကြီးကရော ဘယ်ရောက်နေလဲ။ လုံးလုံးမတွေ့ရပါ။ ဆယ်မိနစ်ကျော်ကျော် ဘူတာရုံစင်္ကြံမှာ ခေါက်တုန့်ခေါက်ပြန်လျှောက်နေမိတယ်။ တကယ်ဆို ဘူတာရုံမှာ ရထားစီးခရီသည် မရှိတောင်မှ ဈေးသည် တစ်ဦးတစ်လေတော့ ရှိကောင်းတယ်။ အခုဟာက လုံးလုံးခြောက်ကပ်တိတ်ဆိတ်ပြီး စိတ်ချောက်ခြားဖွယ်ရာအတိ။ ဘာပဲဖြစ်ဖြစ် လက်မှတ်ရောင်းကောင်တာမှာ တစ်ယောက်ယောက်တော့ ရှိကောင်းရဲ့ဆိုပြီး လှည့်ကြည့်လိုက်တော့ …

အောင်မလေးဗျ .. နာ .. နာ .. နာ ..

မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ခေါင်းမှဆံပင်အားလုံး ထောင်ထတက်သွားရတယ်။ လက်မှတ်အရောင်း ကောင်တာပေါက်မှာ ထင်းထင်းကြီးပြူးထွက်နေတဲ့ မျက်နှာကြီးတစ်ခု။ ဆံပင် မျက်ခုံးမွှေး နှုတ်ခမ်းမွှေး ပါးသိုင်းမွှေး သွားတံများဆွတ်ဆွတ်ဖြူလို့။

ကန်ကလေး မင်း .. ဘာလာလုပ်တာလဲ

အသံကြားမှ ဘူတာရုံစောင့် နာနာကြီးမှန်း သိလိုက်ရ၍ စိတ်သက်သာရသွားရတယ်။

ဟာ .. နာနာကြီးကလည်းဗျာ အသံလေးဘာလေး ပေးမှပေါ့

ဟ ကောင်လေးရ မင်းကို ငါဒီနေရာကနေ ကြည့်နေတာကြာပြီ မင်းတစ်ယောက်ထဲ ဘာလာလုပ်တာလဲ

ရထားလာစောင့်တာ နာနာကြီးရ

ဒီနေ့ ရထားမလာဘူး

ဗျာ

အေးဟုတ်တယ် ပဲခူးမှာ ရေကြီးနေလို့ ခရီးစဉ်ဖျက်ထားတယ်

ဟာဗျာ ဒုက္ခပါပဲ

ဘာဒုက္ခလဲကွ

အိမ်ကို တစ်ယောက်ထဲ ပြန်ရမှာမို့လို့ပါ

အေး ပြန်မယ်ဆိုရင်လည်း သတိဝရိယနဲ့သွားကွာ

ဘာ .. ဘာဖြစ်လို့လဲ နာနာကြီး

ဘာမှ မဟုတ်ပါဘူးကွာ ညကမှောင် လကမသာတော့ ဆူးညှောင့်ကန်သင်းတွေ သတိထားဖို့ပြောတာပါ

ကြောက်ပါတယ်ဆိုမှ ဖြဲခြောက်နေပြန်ပြီ။ ညကမှောင်။ လကမသာ။ အချိန်က ညဉ့်နက်သန်းကောင်နီးပါး။ လမ်းပေါ်မှာက ကျွန်တော် တစ်ယောက်တည်း။ အပြန်ခရီရဲ့ ခြေလှမ်းတွေက …

ဘူတာရုံနဲ့ ကိုက်နှစ်ဆယ်အကွာလောက်ရောက်တော့ အသံတစ်ခုကို ကျနော်သတ်ထားမိလိုက်တယ်။

ဖလပ် .. ဖလပ် .. ဖလပ် .. ဖလပ်

ရင်တွေ တစ်ဒုန်းဒုန်းခုန်ပြီး လိပ်ပြာလွင့်မတတ်ဖြစ်မိတယ်။

ဒီအသံ ဘယ်ကလာတာလဲ။ ဘယ်သူလဲ။ ဘာကောင်လဲ။ လူလား ခွေးလား ကြောင်လား လေတိုက်တာလား သစ်ပင်လှုပ်တာလား ဒါ ဒါမှမဟုတ် နာနာဘာဝလား။ ဟံမလေး လေး။ ကြောက်ကြောက်နဲ့ လျှောက်ရာက ရပ်။ နောက်ပြန် ဆတ်ခနဲလှည့်ကြည့်လိုက်တော့ ….

ဟာ …

ဘာဆိုဘာမှမတွေ့။ ထူးဆန်းသည်က စောစောက ကြားရတဲ့အသံ ရုတ်ချည်းရပ်တန့်သွားတာပဲ။ ကျနော်ပြန်လျှောက်တယ်။ ကျနော် စ လျှောက်ချိန်မှာပဲ အခုနအသံ ပြန်ကြားရတယ်။

ဖလပ် .. ဖလပ် .. ဖလပ်

ကျနော် ခြေလှမ်းအရှိန်ကို ထပ်မြှင့်လိုက်တော့ အသံကလည်း ပိုမြန်လာတယ်။ ဟာ … ဟုတ်တော့ ဟုတ်နေပြီ။ ဒါ သရဲ။ ဘူတာရုံသရဲ။ ကျနော့ကိုခြောက်ဖို့ နောက်ကလိုက်နေတာ။ ဘာလုပ်ရမလဲ။ လုပ်တတ်တာတစ်ခုတော့ရှိတယ်။ အဲဒီတစ်ခုပဲ လုပ်မယ်။ ဟုတ်ပြီ။ လုပ်ပြီကွာ …

သြကာသ သြကာသ သြကာသ အဲ ဟုတ်ပါဘူး သံ သံ သံဗုဒ္ဓေ အဌ ဌ ဌ ဝီသဉ္စ ဒွါရ ရ ရ သဉ္စ သ ဟ ဠကြီး အ။ အာ .. ငါ့နှယ်နော် ဘာတွေဖြစ်နေတာလဲ အရေးအကြောင်းဆိုမှ အယောင်ယောင်အမှားမှားတွေ ဖြစ်နေပြန်ပြီ ။

ခြေလှမ်းတွေ သုတ်ခြေတင်ပြီးလျှောက်လိုက်တော့ မြေနီလမ်းလေးဆုံးလို့ ကတ္တရာလမ်းမပေါ်ရောက်လာတယ်။ ဒီအထိ ကိုယ်တော်ချောက လိုက်လာဆဲ။ ကတ္တရာလမ်းမပေါ်ရောက်တော့ စောစောက ဖလပ်ဖလပ်အသံက ရှပ် ရှပ် မြည်လာတယ်။

ရှပ် .. ရှပ် .. ရှပ် .. ရှပ်

ကျနော်မရတော့ဘူး။ ရှူရှူးတွေထွက်လို့ အီအီးတွေပါ ပါချင်လာပြီ။ နောက်ကျတဲ့ခြေထောက် သစ္စာပေါက်ဟဲ့ဆိုပြီး တစ်ချိုးတည်းပြေးလိုက်တာ အိမ်ရှေ့ကို ဘယ်လိုရောက်လို့ ရောက်လာမှန်းမသိတော့ဘူး။ မောရမှန်းမသိ ပမ်းရမှန်းမသိ။ နောက်လည်းလှည့်မကြည့်မိတော့။ အိမ်ခြံစည်းရိုးဝအရောက်မှာ ဖိနပ်တောင်မစီးနိုင်တော့ပဲ ခြံဝမှာတင် ဖိနပ်ကိုချွတ်ထားခဲ့ပြီး အိမ်ထဲပြေးဝင်ခဲ့တယ်။

မောကြီးပမ်းကြီးနဲ့ အိမ်ထဲပြေးဝင်လာတဲ့ ကျနော့ကို ဘာဖြစ်လာတာလဲ ဝိုင်းမေးကြတယ်။ ဒါပေမယ့် ကျနော် စကားမေးတောင်မရပဲ သတိလစ်သွားတော့တယ်။ ဘယ်လောက်အချိန်ကြာသွားလဲ မသိဘူး။ ကျနော်သတိပြန်လည်လာတော့ မနက်ရှစ်နာရီခွဲနေပြီ။ ညကဖြစ်ပျက်ခဲ့တဲ့ အကြောင်းစုံကို အိမ်သားတွေအားလုံးကို ပြန်ပြောပြတော့ ကျနော့အဖေကို တစ်ယောက်တည်းလွှတ်ရပါ့မလားဆိုပြီး ဝိုင်းအပြစ်တင်ကြပါလေရော။ ကျနော့အဖေလည်း မျက်လုံး ပုတ်ခပ်ပုတ်ခပ်နဲ့ ဖြစ်နေရှာတယ်။ အမေကတော့ ငါ့သားလေး ကံကောင်းလို့ဆိုပြီး ပြောနေရှာတယ်။

တကယ်ပါဗျာ။ ကျနော် ဒီလိုအဖြစ်အပျက်မျိုး တစ်ခါမှ မကြုံးဖူးခဲ့ဘူး။ သရဲဆိုတာတော့ ကြားဖူးတယ်။ လက်တွေ့ အခြောက်ခံရတာတော့ ဒါ ပထမဆုံး အကြိမ်ပဲ။ ဒီအကြောင်းကို ကျောင်းရောက်ရင် သူငယ်ချင်းတွေကို ပြန်ပြောပြရမယ်လို့ တေးထားလိုက်တယ်။

ကျနော် လှဲနေရာက ထပြီး ရေမိုးချိုး ထမင်းစား အဝတ်အစားလဲပြီး ကျောင်းသွားဖို့ အိမ်ရှေ့ထွက်လာတော့ ဖိနပ်ကရှာမတွေ့ဘူး။ နောက်မှ သတိရတယ်။ ညက ကြောက်ကြောက်နဲ့ ခြံဝမှာ ချွတ်ထားခဲ့တာပဲ။ သွားကြည့်တော့ …

ဟင် … ညကသရဲ

ဟုတ်တယ် ညကခြောက်တဲ့သရဲက အခုထိရှိနေတုန်း။ ဒင်းက ကျနော့ဖိနပ်မှာ။ မနက်အလင်းကြီးဆိုတော့ ကြောက်စိတ်တွေလည်း မရှိတော့ဘူး။ ဘာရမလဲ သရဲကို ဂုတ်ကကိုင် ခါးလိမ်ချိုးပြီး ခြံထောင့်က အမှိုက်ပုံထဲ ပစ်ထည့်လိုက်တယ်။ ကိုယ့်ကိုယ်လည်း ငါကွလို့ ဟစ်လိုက်သေးတယ်။ သရဲကို ဂုတ်ကကိုင်ပြီး ခါးလိမ်ချိုးတာ ကျနော်တစ်ယောက်ပဲ ရှိတာမဟုတ်လား။ အခုအချိန်မှာ ကျနော် သရဲမကြောက်တော့ဘူး။ မကြောက်ဆို ကျနော် ဂုတ်ကိုင်ပြီး ခါးလိုက်ချိုးလိုက်တာ ညက ဘူတာရုံလမ်းမှာ နောက်က တကောက်ကောက်လိုက်ပြီး ဖလပ် ဖလပ် ရှပ် ရှပ်နဲ့ ခြောက်တဲ့ ကောက်ညှင်းထုပ်ဖက်ကြီး ဖြစ်နေတာကိုး။ ဟား ဟား ဟား ဟား …

ညက ကြုံခဲ့ရတဲ့ ဘူတာရုံသရဲအကြောင်း ကျောင်းရောက်ရင် ဘယ်သူမှ ပြောမပြတော့ဘူး။

နောင်လည်း ဘယ်သူ့ကိုမှ ပြောမပြတော့ဘူး ဟီး ဟီး …..

Written by မှတ်စုရေးသူ @ mynotesite.bs.com

Leave a Reply

Your email address will not be published. Required fields are marked *