ပထမအချီမှာပဲ ဂျပန်လေးကို ငိုအောင်လုပ်လိုက်တဲ့ မေ၀ယ်သာ

ရှုံးပွဲမရှိမှတ်တမ်းနဲ့ လက်ဝှေ့လောကကနေ အနားယူထားပေမယ့် တစ်ချက်တစ်ချက်ငွေရပေါက်ကြုံလာရင် အချီကြီးဝင်ကြံတတ်တဲ့ Money Man မေ၀ယ်သာဟာ နှစ်သစ်ကူးအတွက်လည်း ဂျပန်နိုင်ငံကနေ ဒေါ်လာ 9 သန်းကို လွယ်လွယ်လေးပဲပိုက်ပြီး ပြန်လာနိုင်ခဲ့ပါပြီ။

အသက် 20 နှစ်အရွယ် ဂျပန်ကစ်ဘောက်ဆင်ကစားသမားလေး နာဆူကာဝါနဲ့ မေ၀ယ်သာတို့ရဲ့ လက်ဝှေ့ပွဲကို ဒီဇင်ဘာ 31 ရက်နေ့က ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာထိုးသတ်ကစားခဲ့ပြီး ပထမအချီ 2 မိနစ်ကျော်အတွင်းမှာပဲ ဂျပန်လူငယ်လေးဘက်က အရှုံးပေးလိုက်ရပါတယ်။ ကစ်ဘောက်ဆင်ကစားသမားဖြစ်ပြီး ခြေကန်ချက်ကိုအားသာတဲ့ နာဆူကာဝါဟာ မေ၀ယ်သာနဲ့တော့ လက်ဝှေ့ထိုးရတာဖြစ်လို့ သူအားသန်တဲ့ ခြေကန်ချက်ကို ထုတ်သုံးလို့မရပါဘူး။

ဒါကြောင့်လည်း ပထမအချီမှာပဲ 3 ကြိမ်လဲကျခဲ့ပြီးနောက် သူ့ရဲ့အဖွဲ့က ပုဝါဖြူပြပြီးအရှုံးပေးလိုက်တာပါ။ ပွဲသိမ်းသွားချိန်မှာတော့ မေ၀ယ်သာဟာ စင်ပေါ်မှာ ပရိသတ်တွေကို ကပြခဲ့ပြီး ဂျပန်လူငယ်လေးကတော့ ၀မ်းနည်းစွာနဲ့ ငိုကြွေးနေခဲ့ပါတယ်။

ပရိသတ် 37000 ကျော်ရှေ့မှာ သွေးတောင်မပူဘဲအနိုင်ရသွားခဲ့တဲ့ မေ၀ယ်သာဟာ အဲဒီပွဲအတွက် ထိုးသတ်ကြေး ဒေါ်လာ 9 သန်းရရှိမှာဖြစ်လို့ 2018 ကနေ 2019 အကူးအပြောင်းက သိပ်ကိုလှပလွန်းတယ်လို့ twitter ပေါ်မှာ မှတ်ချက်ပေးမှုတွေလည်းရှိခဲ့ပါတယ်။ မေ၀ယ်သာဟာ ပြိုင်ဘက်ကစားသမားလေးကို နှစ်သိမ့်တဲ့အနေနဲ့ အဲဒီပွဲကရတဲ့ ဆုတံဆိပ်ကို ပေးအပ်ခဲ့တာလည်းတွေ့ခဲ့ရပါတယ်။

မေ၀ယ်သာဟာ လက်ဝှေ့သမားဘ၀မှာ ရှုံးပွဲလုံးဝမရှိသလို နာဆူကာဝါကလည်း တိုက်ခိုက်ရေးပြိုင်ပွဲတွေမှာ 32 ပွဲကစားပြီး ရှုံးပွဲလုံးဝမရှိခဲ့သူဖြစ်ပါတယ်။ အခုတော့ မေ၀ယ်သာကြောင့် သူ့ရဲ့ဘ၀မှာ ပထမဆုံးရှုံးပွဲနဲ့ရင်ဆိုင်လိုက်ရပါပြီ။

Leave a Reply

Your email address will not be published. Required fields are marked *